Wednesday, 30 December 2015

မျက်စိခွဲစိတ်ရန် လိုအပ်တဲ့ ချို့တဲ့သူ လူမျိုးဘာသာမရွေးကို အခမဲ့ ခွဲစိတ်ကုသပေးနေ


ရန်ကုန်။ ။ မျက်စိခွဲစိတ်ရန် ချို့တဲ့သူ လူမျိုးဘာသာမရွေးကို ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှ ကြီးမှူး၍ မျက်စိခွဲစိတ်မှုတွေကို အခမဲ့ ကုသပေးနေကြောင်း သိရပါတယ်။
“အန်ကယ်တို့ဆီမှာ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် လာရောက် မျက်စိစမ်းသပ်လို့ရပါတယ်။ ခွဲစိတ်ဖို့လိုတဲ့ လူနာဆိုရင် ခွဲစိတ်ပေးပါ့မယ်။ ခွဲတဲ့အခါမှလည်း နောက်ဆုံးခွဲပြီး မျက်စဉ်းထည့်တဲ့အထိ တာဝန်ယူပါတယ်။ ခွဲစရာမလိုတဲ့ လူနာတွေကိုလည်း လိုအပ်တာ အကုန်လုပ်ပေးပါတယ်” လို့ ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဦးလှဌေးက M-Media ကိုပြောပါတယ်။
ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဟာလည်း လူမျိးဘာသာမရွေး အခက်အခဲမရှိ မျက်စိအလင်းပြန်လည်ရစေလိုရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့အဖွဲ့အနေနဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
မျက်စိဆေးခန်းပြသလိုသူများအနေနှင့်လည်း မေတ္တဆေးခန်း(အဖွားများသုခရိပ်သာ) အမှတ်(၁) သုခလမ်း (ခ) ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် တွင် သောကြာနေ့တိုင်း နေ့လည် ၂ နာရီမှ စတင်ကာ ကုသပေးလျှက်ရှိနေကြောင်း သိရပါတယ်။
အဆိုပါ မျက်စိဆေးကုသမှုအစီအစဉ်ကို အောက်တိုဘာလ ၃၀ ရက်နေ့က စတင်ခဲ့ပြီး တစ်ပတ်လျှင် လူနာ (၅၀) ခန့်ကို အခမဲ့ ကုသပေးသွားမှာ ဖြစ်ပါတယ်။
ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှဦးစီးပြီး အခြားသော စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊အင်္ဂလိပ်စကားပြော သင်တန်းများကိုလည်း လူမျိုးဘာသာမရွေး တက်ရောက်သင်ကြားနိုင်ပြီး သုံးလ တစ်ကြိမ် ဖွင့်လှစ်လျှက်ရှိသည်။
M-Media
မိုးစက်

သွေးကင်ဆာဝေဒနာရှင် ကလေးများအတွက် မြန်မာမွတ်စလင်မ် လူမှု့အကျိုးဆောင်ကွန်ရက်မှ အရုပ်နှင့် မုန့်များလှူဒါန်း








၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ရန်ကုန်ကလေးဆေးရုံကြီး တိုးချဲ့ ဆောင်မှာ ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွင် သွေးကင်ဆာ ဝေဒနာ ခံစားနေရတဲ့ ကလေးငယ်များအတွက် မြန်မာမွတ်စလင်မ် လူမှု့အကျိုးဆောင်ကွန်ရက်မှ အရုပ်နှင့် မုန့်များ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
Photo via- Khoon Kyi Soe &U Mg Mg Myint FB

အလင်းစက်ဝန်း ပရဟိတ အဖွဲ့ ၏ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံနှင့် ဝေဒနာရှင်များအတွက် လှူဒါန်းမှု





၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က မွတ်စလင်မ်လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အလင်းစက်ဝန်း ပရဟိတ အဖွဲ့ဟာ ရွာသာကြီးစိတ် ကျန်းမာရေးဆေးရုံမှာ ပြုလုပ်တဲ့ ခရစ္စမတ် ပျော်ပွဲရွင်ပွဲမှာ စိတ်ဝေဒနာရှင်တွေကို မျက်နာသုတ်ပဝါနဲ့မုန့် များ လှူဒါန်းခဲ့ပြီး ဆေးရုံ အတွက်လည်း ငွေ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
Photo via- Khoon Kyi Soe FB

Oxygen ဘူး လိုအပ်နေသူများအတွက် လူမျိုးဘာသာမရွေး အခမဲ့ငှားရမ်းပေးနေ

Myanmar Islamic Youth Foundation မှ ရောဂါဝေဒနာရှင် Oxygen ဘူး လိုအပ်နေသူများအတွက် Oxygen ဘူးများကို လူမျိုး ဘာသာ မရွေး ၂၄-နာရီ အခမဲ့ ငှားရမ်းပေးနေ ပါရှိပါသည်။
ဆက်သွယ်ရန်
09 786 012 786
09 44 00 510 19
09 25 217 9997
အမှတ် (၄၃) ၊ ရွှေတိဂုံဘုရားလမ်း ၊ အောက်ဘလောက် ၊ လသာမြို့နယ် ၊ ရန်ကုန်မြို့



Monday, 21 December 2015

တက္ကသိုလ်ဝင်တန်း အခမဲ့ ပညာဒါန သင်တန်း ဖွင့်ပွဲ ဒလမြို့နယ် ကမာကဆစ်မှာ ကျင်းပ

ဒီဇင်ဘာ ၂၀ ၊ ၂၀၁၅
M-Media
သတင်း - ဟိန်းထက်

.
ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် Peace Cultivation Network-(PCN) နှင့် ကမာကဆစ်ဆရာတော် ဦးဧသိက တို့ ပူးပေါင်း ဖွင့်လှစ်သည့် တက္ကသိုလ်ဝင်တန်း အခမဲ့ပညာဒါနသင်တန်း ဖွင့်ပွဲ့အခမ်းအနားကို ရန်ကုန်တိုင်း ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ကမာကဆစ်အနောက် ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၂၀ ရက်နေ့ (ယနေ့) တွင် ကျင်းပပြုလုပ်ခဲ့သည်ဟုသိရသည်။
.
အခမ်းအနားကို မနက် ၁၀ နာရီမှ ၁၂ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်၊ သင်ကြားမည့် ဆရာ၊ ဆရာမများ၊ ကျောင်သားကျောင်းသူများ၊ မြို့နယ်အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
.
အနောက်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်က ဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပညာဒါနသင်တန်းကို ပံ့ပိုးကူညီပေးသည့် “ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN)” မှ ဒုဥက္ကဌ ဦးတင်မျိုးဝင်း(ဗိုလ်မှူး ငြိမ်း) က သင်တန်းနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ၊ ဆောင်ရွက်သွားမည့် ကိစ္စများကို တင်ပြခဲ့သည်။
.
ဒလမြို့အုပ်ချုပ်ရေးမှူးရုံး လူမှုအထောက်အကူပြုဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဆရာများကိုယ်စား ဆရာဦးစိုးအောင်က ပညာဒါနသင်တန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
.
အဆိုပါ တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းမှာ အခမဲ့ဖြစ်ပြီး ကျောင်းသားများအား၊ ဗလာစာအုပ်၊ ဘောပင်တို့ အပါအ၀င် ကျောင်းသုံးပစ္စည်းများ၊ သင်ကြားမည့် စာရွက်စာတမ်းများကိုပါ အခမဲ့ ဝေငှသွားမည်ဖြစ်ကာ၊ မေခွန်းဟောင်း စာအုပ်များကိုလည်း တစ်ယောက်တစ်အုပ်စီ အခမဲ့ပေးအပ်သွားရန် အစီအစဉ်ရှိနေသည်ဟု သင်တန်းတွင် အင်္ဂလပ်စာသင်ကြားပေးမည့် ဆရာ ဂျက်ဖရီ ဦးတင်အုန်းက ပြောကြားခဲ့သည်။ လက်ရှိတွင် သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားသည့် ကျောင်းသားဦးရေမှာ ၃၅ ဦးရှိနေသည်ဟု သိရသည်။
.
ပညာဒါနသင်တန်း သင်ကြားမည့်အချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး၊ စနေ၊ တနင်္ဂနွေနေ့များတွင် မနက် ၉ နာရီမှ ၁၂ ခွဲအထိ တစ်ကြိမ်၊ နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ တစ်ကြိမ် သင်ကြားပေးသွားမည်ဖြစ်သည်။ ပညာဒါနသင်တန်းတွင် စုစုပေါင်း ဆရာ၊ ဆရာမ ၁၆ ဦးရှိပြီး နောက်ထပ် ဆရာများကိုလည်း ထပ်မံ ပေါင်းထည့်သွားမည်ဟု သိရသည်။
.
အဆိုပါ တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းကို ၂၀၀၉ ခုနှစ်ကတည်းက အစ္စလာမ်ဘာသာဝင်ဆရာအများစု ဦးစီး၍ သင်ကြားခဲ့ခြင်းဖြစ်ပြီး အောင်ချက်ကောင်းမွန်မှုကြောင့် ဒလမြို့ရှိပြည်သူများ အားထားရာ ပညာဒါန သင်တန်းတစ်ခုလည်းဖြစ်သည်ဟု သိရသည်။
.
လူမျိုးဘာသာမရွေး လက်ခံသင်ကြားပေးသည့် အဆိုပါပညာဒါနသင်တန်းမှာ ချို့တဲ့သူသောပြည်သူများ အခက်အခဲမရှိ ပညာသင်ယူနိုင်ရေး အတွက် ရည်ရွယ်သည်ဟု ဆရာ ဂျက်ဖရီ ဦးတင်အုန်းက ပြောကြားခဲ့ပြီး ဖွင့်လှစ်ခဲ့သည့်သက်တမ်း တစ်လျှောက်လုံး ကျောင်းထိုင်ဆရာတော် အပါအ၀င် ကမာကဆစ် အနောက်ကျောင်းတိုက်မှ လိုလေသေးမရှိ ကူညီပေးခဲ့သည်ဟု ဆိုသည်။
.

Saturday, 12 December 2015

ငြိမ်းချမ်းသစ္စာ လူမှုရေးအသင်းအဖွဲ့နဲ့ အစ္စလာမ်အမျိုးသမီအဖွဲ့တို့ စုပေါင်းအမှိုက်ကောက်


Photo:Kan Thar/RFA
လားရှိုးမြို့ မှာ ဒီကနေ့မနက်က ငြိမ်းချမ်းသစ္စာ လူမှုရေးအသင်းအဖွဲ့နဲ့ အစ္စလာမ်အမျိုးသမီအဖွဲ့တို့ ပူးပေါင်းပြီး လားရှိုးမြို့ ရပ်ကွက်(၃) ညဈေးနဲ့ မြို့မဈေးကြီးလမ်းတလျှောက် စုပေါင်း အမှိုက်ကောက်ခဲ့ကြပါတယ်။
ဒါ့အပြင် ကွမ်းတံတွေးတွေကို စနစ်တကျထွေးကြဖို့ အမှိုက်တွေကို စနစ်တကျပစ်ကြဖို့ ဆော်သြထားတဲ့ 
လက်ကမ်းစာရွက်တွေလည် ဝေငှခဲ့ပါတယ်။




Sunday, 6 December 2015

ဒေါပုံ နွယ်အေးဗလီ၏ အခမဲ့ မျက်စိ စမ်းသပ်၊ ကုသပေးမှုတွင် လူ ၃၀၀ ကျော် လာရောက် ကုသမှု ခံယူခဲ့

ဒီဇင်ဘာ ၆၊ ၂၀၁၅
M-Media
မိုးစက်

  မျက်စိနှင့် ပတ်သတ်သော ဝေဒနာခံစားနေရသူများအတွက် ဘာသာလူမျိုးမခွဲခြားဘဲ နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးကော်မတီမှ ဦးစီးကာ မျက်စိအခမဲ့စမ်းသပ်ပေးခြင်း၊ မျက်မှန်အခမဲ့ ပြုလုပ်ပေးခြင်းတို့ကို ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဗလီဝတ်ကျောင်းတော်၏ ပရ၀ုဏ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။


“ကျွန်တော်တို့ကော်မတီကနေ မျက်စိကျွမ်းကျင်တဲ့လူတွေ၊ မျက်စိဆရာဝန်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးတာပါ။ ဒီရပ်ကွက်က အခြေခံလူတန်းစားတွေဆိုတော့ အမှုမဲ့အမှတ်မဲ့နေကြတော့ မျက်စိနဲ့ပတ်သတ်တာတွေကို သိပ်အလေးမပေးကြဘူး။ အဲဒါကြောင့် ဒီရပ်ကွက်ကလူတွေရော အခြားပြသချင်တဲ့ မည်သူမဆို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကျွန်တော်တို့က ကုသပေးတာပါ” ဟု နွယ်အေး စွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးကော်မတီမှ အတွင်းရေးမှူးဖြစ်သူ ဦးအောင်ထူးမြင့်က မျက်စိကုသပေးခြင်းနှင့် ပတ်သတ်ပြီး M-Media ကို ပြောခဲ့ပါတယ်။

နွယ်အေးစန္နီဂျာမေဗလီကြီးမှ ယခုကဲ့သို့ မျက်စိအခမဲ့စမ်းသပ်ပေးခြင်း၊ မျက်မှန်အခမဲ့ ပြုလုပ်ပေးခြင်းတို့မှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
“ကျွန်တော်တို့ မျက်မှန်ကျွမ်းကျင်တဲ့လူတွေနဲ့ မျက်စိဆရာဝန်ကြီးတွေ ပေါင်းပြီး လုပ်ပေးတာပါ။ ဒီက အခြေခံလူတန်းစားတွေက သူတို့မှာ မျက်စိနဲ့ပတ်သတ်တဲ့ အတွေ့အကြုံမရှိဘူး။ မျက်စိဝါးနေရင်လည်း ဘာကြောင့်ဝါးနေမှန်း သူတို့မသိဘူး။ အဲတော့ ကျွန်တော်တို့က သူတို့လိုအပ်တာတွေကို ရှင်းပေးတယ်။ ဆေးပေးသင့်လူကိုပေး၊ မျက်မှန်ပေးသင့်တဲ့လူကိုပေးပါတယ်” ဟု နွယ်အေးစန္နီဂျာမေဗလီကြီး၏ သာရေးနာရေးကော်မတီမှ ဒုဥက္ကဌ ဦးကိုကိုနိုင်က ပြောပါတယ်။
မျက်စိလာရောက်စမ်းသပ်သူ အယောက် (၃၀၀) ကျော် ရှိခဲ့ပြီး မျက်စိခွဲစိပ်ရန်အတွက် လူနာ (၂၅) ယောက်ကျော်ရှိခဲ့ကာ ထိုခွဲစိပ်ရန် လူနာများကိုလည်း ခွဲစိတ်ပြီးဆုံးသည်အထိ နွယ်အေးစွန္နီဂျာမေဗလီက တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
“ဒီမှာ မျက်စိအခမဲ့စမ်းသပ်ပေးတာ နှစ်ခါရှိပြီ။ နှစ်ခါလုံး ကျွန်မလာပြတယ်။ အပြင်မှာလည်း ဈေးကြီးတော့ မပြနိုင်ဘူး။ ဒီကအခုလိုလုပ်ပေးတာကိုတော့ အရမ်းကျေးဇူးတင်တယ်” ဟု မျက်စိလာရောက်စမ်းသပ်သူ ဒေါပုံမြို့နယ်မှ ဒေါ်ကျင်ကျင်က ပြောပါတယ်။

နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးကော်မတီမှဦးစီး၍ မည်သူမဆို လာရောက်ကုသနိုင်သည့် အခမဲ့ဆေးပေးခန်းတစ်ခုကို နေ့စဉ် ဖွင့်လှစ်ပြီး လူမျိုး၊ ဘာသာ ပဓာနမထားဘဲ သက်ကြီးများအား ကူညီပေးခြင်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအား ကူညီပေးခြင်း အစရှိသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရပါတယ်။

Donation Group