ကျူရှင်မတက်နိုင်သည့် ကျောင်းသားများအတွက် တက္ကသိုလ်ဝင်တန်း ပညာဒါနအခမဲ့သင်တန်း ကျုလီယာ သာသနာ့ ရံပုံငွေအဖွဲ့ ဒုတိယအကြိမ်ဖွင့်လှစ်
ရှားစောင်း
စက်တင်ဘာ(၁)ရက်၊ ၂၀၁၅။
ကျူရှင်မတက်နိုင်သည့် ကျောင်းသားများအတွက် တက္ကသိုလ်ဝင်တန်း ပညာဒါနအခမဲ့သင်တန်းဒုတိယအကြိမ်မြောက် သင်တန်းဖွင့်ပွဲကို ယနေ့ နေ့လည်(၂)နာရီအချိန်တွင် ကျူလီယာမွတ်စလင်မ် သာသနာရန်ပုံငွေအဖွဲ့မှ သင်္ဃန်းကျွှန်းမြို့နယ် အဘွားများ သုခရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။
“ ကျွန်တော်တို့လုပ်နေတာ ပညာဒါနပါ၊ ဆရာတွေကလည်း ကျောင်းသားတွေအပေါ် တစ်သားတည်း စိတ်စေတနာအပြည့်ထားပေးပါ၊ ကလေးတွေကလည်း အားတက်သရောနဲ့ ငါတို့ ဆယ်တန်းအောင်အောင်ဖြေပေးမယ်ဆိုတဲ့ စိတ်ထားပေးပါ၊
ကျွန်တော်အလှည့်တုန်းက ဆယ်တန်းကို (၆)ခါဖြေရတယ်၊ ကျွန်တော်ဇွဲမလျော့ပဲ ဖြေခဲ့တယ်၊ ဒါပေမယ့်ကျွန်တော်လိုတော့ (၆)နှစ်မဖြေပါနဲ့ နှစ်ချင်းပေါက် အောင်စေချင်ပါတယ်” ဟု ဦးစိုးဝင်း (တရားလွှတ်တော်ရှေ့နေ) မှ အမှာစကားပြောသည်။
သင်ကြားပို့ချမည့်ဆရာများမှာ မြန်မာစာ ဒေါက်တာသန်းမင်းထိုက်(Ph.D)၊ အင်္ဂလိပ်စာ ဆရာဦးသဏ်းအောင်း(Student Choice)၊ သင်္ချာ ဆရာဦးကျော်ခင်( AM)၊ ဓာတုဗေဒ ဆရာဦးအောင်ဝင်းဇော်(ဂုဏ်ထူးရှင်)၊ ရူပဗေဒ ဆရာဦးမောင်မောင်(B.E)၊ ဇီဝဗေဒ ဒေါက်တာမြသိန်း(M.B.B.S)၊ ဘောဂဗေဒ ဆရာဦးဘုန်းမြတ်ထူးတို့မှ ဦးဆောင်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
“ ဆရာတွေက အာရုံစူးစိုက်မှု ပြင်းပြင်းထန်ထန်လုပ်နေတော့ ကျောင်းသားတွေဘက်က တုန့်ပြန်မှုက ပေါ့ပေါ့လေးထားမှာကို စိတ်ပူတယ်၊ မနှစ်ကတော်တော်များများက ဆယ်တန်းနဲ့ တော်တော် အဆက်ပြတ်နေတယ်၊ ဆယ်တန်းနဲ့အထိအတွေ့သိပ်မရှိတော့ တစ်ချို့ဆို အင်္ဂလိပ်စာတောင် တော်တော်အားနည်းနေတာ တွေ့ရတယ်၊ အချိန် ၅လလောက်နဲ့ သူတို့ကို သင်ဖို့ဆိုတာ ခက်သွားတယ်၊ အခြေခံရှိပြီးသားကျောင်းသားတွေကတော့ အကုန်အောင်သွားတယ် ၊ ဂုဏ်ထူးထွက်တဲ့သူလည်း ရှိတယ်၊ လုံးဝစာနဲ့အဆက်ပြတ်သူက ကျတယ်၊ ဒီနှစ်တော့ ပိုပြီး ကြိုးစားသွားမယ် အဓိက ကလေးတွေ အောင်ဖို့ပဲ” ဟု ဒေါက်တာမြသိန်း(ဇီဝဗေဒ)မှ Myanmar Muslim Media သို့ ပြောကြားခဲ့သည်။
ယင်း သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ “ ကလေးတွေက စာမေးပွဲဖြေဆိုချင်တယ် ကျောင်းတတ်ချင်တယ်၊ ငွေကြေးမတတ်နိုင်တဲ့ကလေးတွေအတွက် ဒီသင်တန်းကို ဖွင့်ရခြင်းဖြစ်တယ်၊ ဒီသင်တန်းမှာ ကလေးတွေက ဘာသင်တန်းကြေးမှ မပေးရဘူး၊ စာနဲ့ပက်သက်မယ့် စာရွက်စာတမ်းအားလုံးကို ဒီကပဲအကုန်ပေးတယ်” ဟု ဟာဂျီဦးလှဌေး(ကျူလီယာမွတ်စလင်မ် သာသနာရန်ပုံငွေအဖွဲ့မှ အတွင်းရေးမှူး)မှ ပြောသည်။
အထက်ပါသင်တန်းကို တစ်ပတ်လျှင် (၆)ရက် တက်ရောက်ရမည်ဖြစ်ပြီး၊ (၅)ရက်တစ်ခါ စာမေးပွဲ စစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကို နေ့လည်(၁)နာရီထွဲအချိန်မှ (၆)နာရီထိသင်ကြား မည်ဖြစ်ကြောင်း၊ စည်းကမ်းမလိုက်နာသည့်ကျောင်းသား၊ကျောင်းသူများကိုလည်း ကျောင်း ထုတ်သွား မည်ဖြစ်ကြောင်း၊ (၂)နှစ်အတွင်း ကျောင်းသား ၂၀၀ကျော်ပညာသင်ကြားပေးခဲ့ပြီး ယခုနှစ် ကျောင်းသား(၁၂၄) ဦးရှိကြောင်း ကျူလီယာမွတ်စလင်မ် သာသနာရန်ပုံငွေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Myanmar Muslim Media
https://www.facebook.com/MyanmarMuslimMedia2/posts/1037624339611363
0 comments:
Post a Comment