Saturday, 23 July 2016

မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ဦးစီးတဲ့ သွေးလှူဒါန်းမှု ၂၁ ကြိမ် မှာ (၄၄၀၀) ဦးလှူဒါန်းခဲ့

ဇူလိုင် ၂၃ ၊ ၂၀၁၆
.
အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ် မှ ကြီးမှူး၍ ပြုလုပ်သော သွေးလှူဒါန်းမှုမှာ ဇူလိုင်လ ၁၇ရက်နေ့တွင် ၂၁ကြိမ် ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။
သွေးလှူဒါန်းရခြင်းဟာ အဓိကအားဖြင့် ကိုယ်ကျင့် တရားတွေ စောင့်ထိန်းနိုင်ပြီး မျှော်လင့်ချက် မပါပဲ လူမျိုးဘာသာမရွေးကို ကူညီဖို့ လုပ်တာလို့ မ.မ.လ ဌာနချုပ် သွေးလှူဒါန်းရေး ကော်မတီဥက္ကဌ ဟာဂျီမ ဒေါ်ချိုက " မြန်မာမွတ်စလင်မ် လူငယ်တွေရဲ့ ကိုယ်ကျင့်တရား စောင့်ထိန်းနိုင်ဖို့ လုပ်ရတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ နောက်ပြီးတော့ သူတို့ဆီက ထွက်လာတဲ့ သွေးတွေကို လူမျိုးမရွေး ဘာသာမရွေး တကယ်လိုအပ်တဲ့ သူတွေကို ပေးချင်လို့ မျှော်လင့်ချက် မရှိဘဲ အလှူဆိုတဲ့ ဒါနမြောက်အောင် ပေးချင်တဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်" ဟု ပြောပါတယ်။
.
သွေးလှူဒါန်းပွဲမှာ လာရောက် သွေးလှူဒါန်းတဲ့ အသက် ၂၄နှစ်အရွယ် ကိုရန်နိုင်ဦးကတော့ ၎င်း သွေးလှူရတဲ့ အတွက် အတိုင်းမသိ ပီတိဖြစ်ရကြောင်း၊ မိမိသွေးဖြင့် တပါးသူ အသက်ရှင်သန်ရေးအတွက် ကူညီရတာ ဝမ်းသာကြောင်း ပြောပါတယ်။
.
မ.မ.လ ဌာနချုပ်သည် ၂၀၀၉ ခုနှစ်ကတည်းက ရန်ကုန်မြို့ အမျိုးသား သွေးလှူဘဏ်တွင် ၄လတစ်ကြိမ် ပုံမှန်သွေး လှူဒါန်းမှု ပြုလုပ်လာခဲ့ရာ ယခု ၂၁ကြိမ်ထိဆိုလျှင် သွေး လှူဒါန်းသူ လေးထောင့် လေးရာကျော်ရှိပြီလို့လည်း သိရပါတယ်။
.
အဆိုပါ သွေးလှူဒါန်းပွဲများမှာ အစ္စလာမ် ဘာသာဝင်များ သာမက မြန်မာပြည်တွင်းက လူမျိုးစုံ ဘာသာစုံမှ ပါဝင်လှူဒါန်း ခဲ့ကြကြောင်း မ.မ.လ ဌာနချုပ် သွေးလှူဒါန်းရေး တာဝန်ခံ ဦးအောင်ကျော်ဦးက ဆိုပါတယ်။
.
" သွေးလှူပွဲမှာ အစ္စလာမ် ဘာသာဝင်တွေသာမကပဲနဲ့ အခြားဘာသာဝင်တွေ စိတ်ဝင်စားတဲ့ လူငယ်မောင်မယ်အားလုံးက အဘက်ဘက်က ဝိုင်းဝန်းပြီးတော့ ပါဝင်ပေးကြပါတယ်။ အခုဒလမြို့နယ်ဆိုရင် ဗုဒ္ဓဘာသာလူငယ် လူကြီးတွေ ပေါင်းပြီးတော့ ပါဝင်လှူဒါန်းပေးပါတယ်" ဟု ဘာသာပေါင်းစုံမှ သွေးလှူရှင်တွေ ပါဝင်လှူဒါန်းမှုကို ရှင်းပြပါတယ်။
.
ကုရ်အာန် ကျမ်းမြတ်ကဏ္ဍ ၅ အပိုဒ် ရေ ၃၂အရ " မည်သူမဆို လူသားတစ်ဦးအား အသက်ရှင်စေခဲ့လျှင် ထိုသူသည် လူသားထု တစ်ရပ်လုံးအား အသက်ရှင်စေသကဲ့သို့ ဖြစ်သည်" ဟု မိန့်ဆိုထားသဖြင့် အစ္စလာမ် ဘာသာဝင်များသည် ဘာသာလူမျိုး တူသည်ဖြစ်စေ မတူသည်ဖြစ်စေ သွေးလှူခြင်း ပရဟိတ ပြုကြကြောင်း သိရပါတယ်။
သတင်း - သူရိန် (M-Media)








0 comments:

Post a Comment

Donation Group