"ရေဘေး ကယ်ဆယ်ရေး ရန်ပုံငွေအတွက် ဖို့တ်ဝိန်းရောက်မြန်မာများ ကြိုးပမ်း"
သြဂုတ် ၁၈ ၊ ၂၀၁၅
M-Media
သတင်း/ဓါတ်ပုံ-နေစိုင်း
-
မြန်မာ့ရေဘေးဒုက္ခသည်တွေကို ကူညီပံ့ပိုးပေးဖို့အတွက် အမေရိကန်ပြည်ထောင်စု၊ ဖို့တ်ဝိန်းမြို့ကို ရောက်ရှိနေကြတဲ့ မြန်မာတွေဟာ သြဂုတ်လ (၁၅) ရက် နဲ့ (၁၆) ရက်နေ့တွေမှာ ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲတွေ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
.
သြဂုတ်လ(၁၅) ရက်နေ့မှာ ဇေတဝန်ကျောင်းတိုက်က ဦးဆောင်ကျင်းပခဲ့ကြပြီး သြဂုတ်လ (၁၆) ရက်နေ့မှာတော့ မြန်မာမွတ်စလင် လူငယ်တွေက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။
.
“မြန်မာပြည်မှာရေကြီးလို့ လူတွေဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်မှာတွေ့ပြီး ကျနော်တို့လည်း စိတ်မကောင်းဖြစ်တယ်။ ကျနော်တို့လည်း ငွေကြေးတွေအများကြီးမတက်နိုင်ဘူး။ ဒါကြောင့် အခုလို ဈေးရောင်းပွဲတော်လုပ်ပြီး ကျနော်တို့ လုပ်အားနဲ့ ရန်ပုံငွေရှာရတာ” လို့ ဟာဖဇ် ရှဖီးက ရှင်းပြပါတယ်။
.
“ကျနော်တို့ဈေးရောင်းပွဲကို မြန်မာမွတ်စလင်လူငယ်တွေက စီစဉ်တယ်ဆိုပေမယ့် ဘာသာခြားမြန်မာလူမျိုးတွေ၊ ဒီကဒေသခံ လူမျိုးခြားတွေလည်း လာအားပေးကြတယ်။ ရတဲ့ရန်ပုံငွေတွေကိုလည်း လူမျိုးဘာသာမခွဲခြားဘဲ ကူညီပေးမှာပါ” လို့ အဘတ်စ် က ဆိုပါတယ်။
.
ဟာဖွဇ်ရှဖီးနဲ့ အဘတ်စ်အပါအဝင် သြဂုတ်လ (၁၆) ရက်နေ့က ကျင်းပခဲ့တဲ့ ဈေးရောင်းပွဲကို ဦးစီးဆောင်ရွက်သူတွေဟာ စစ်အစိုးရ လက်ထက်က ဖိနှိပ်မှုဒဏ်တွေကြောင့် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကြီးပြင်းခဲ့ရပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကို ရောက်ရှိလာကြတဲ့ မြန်မာမွတ်စလင် လူငယ်တွေဖြစ်ပါတယ်။
.
“ဒီလူငယ်တွေထဲက တချို့ဆိုရင် ဒုက္ခသည်စခန်းမှာမွေး၊ ဒုက္ခသည်စခန်းမှာကြီးခဲ့ရလို့ မြန်မာပြည်တောင် ခြေမချဖူးသူတွေ လည်းပါတယ်။ ဒါပေမယ့် အရေးအကြောင်းဆို မြန်မာပြည်အတွက် အခုလို သူတို့တွေက ကိုယ်ပိုင် အသိစိတ်ဓါတ်နဲ့ ကူညီဖို့ကြိုးပမ်းတယ် ဆိုတာ သွေးကစကားပြောတယ်လို့ ဆိုရမယ်” လို့ ဈေးရောင်းပွဲမှာ လာရောက်အားပေးတဲ့ ကိုဟူစိန်ဘိုင်က ပြောပါတယ်။
.
မြန်မာမွတ်စလင်လူငယ်တွေအနေနဲ့ နောက်နှောင်မှာလည်း အခက်အခဲနဲ့ ရင်ဆိုင်ကြသူတွေကို လူမျိုးဘာသာမခွဲခြားဘဲ လူသားချင်းစာနာစိတ်ရှေ့ရှုပြီး တဒေါင့်တနေရာကနေ ဝိုင်းဝန်းကူညီပေးသွားမယ်လို့လည်း အဘက်စ် က ဆက်လက် ရှင်းပြပါတယ်။
.
အလားတူပဲ ဖို့တ်ဝိန်းအခြေစိုက် "မြန်မာတိုင်းရင်းသားများ အကျိုးတော်ဆောင်အဖွဲ့" ကလည်း ရေဘေးကယ်ဆယ်ရေး အတွက် အလှူငွေတွေကောက်ခံပေးနေတယ်လို့လည်း သိရပါတယ်။
.
ဖို့တ်ဝိန်းက မြန်မာမွတ်စလင်လူငယ်တွေအနေနဲ့ ရန်ပုံငွေ အဖြစ်ရရှိတဲ့ ကျပ်ငွေ သိန်း (၆၀) ခန့်ကို ပြည်တွင်းက ရေးဘေးကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေကတဆင့် ပေးအပ်လှူဒါန်းသွားမယ်ဖြစ်တယ်လို့ သိရပါတယ်။
.
http://www.m-mediagroup.com/news/44585